အဆုတ်နဲ့ လေပြွန်ကျန်းမာရေးအတွက် ဘာတွေစားသင့်သလဲ
အဆုတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုပါ။ စက္ကန့်နဲ့အမျှ ရှူသွင်းရှူထုတ်နေရတဲ့လေတွေ သန့်စင်ဖို့အတွက် အဆုတ်ရဲ့ ကျန်းမာရေးက ထိပ်တန်းအရေးပါပါတယ်။
အဆုတ်သန့်စင်နေဖို့အတွက် လေထုညစ်ညမ်းခြင်းကင်းအောင်နေတာ၊ အဆုတ်လေ့ကျင့်ခန်းတွေလုပ်တာ၊ ဆေးလိပ်ဖြတ်တာမျိုးအပြင် နေ့စဥ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အဆုတ်ကျန်းမာရေးအတွက် သင့်တော်တဲ့အစားအစာတွေကို ထည့်သွင်းစားသောက်ဖို့ကလည်း အရေးကြီးပါတယ်။
တချို့အစားအစာတွေဟာ အဆုတ်ကိုသန့်စင်စေပြီး ပန်းနာရင်ကြပ်နဲ့ အဆုတ်လေပြွန်ကျဥ်းတဲ့ ရောဂါတွေမှာ ရောင်ရမ်းမှုကို သက်သာစေပါတယ်။
သကြားမုန်လာ (beet root)
သကြားမုန်လာမှာ nitrates ဓာတ် ကြွယ်ဝပါတယ်။ Nitrates ဟာ သွေးကြောတွေကို ပျော့ပျောင်းစေပြီး သွေးဖိအားကို လျော့နည်းစေကာ အောက်ဆီဂျင် ပိုမိုရရှိအောင် လုပ်ဆောင်ပေးပြီး နာတာရှည်အဆုတ်လေပြွန်ကျဥ်းတဲ့ရောဂါ၊ အဆုတ်သွေးကြောတွေ ဖိအားများတဲ့ရောဂါတွေအတွက် ကောင်းပါတယ်။ သကြားမုန်လာမှာ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗိုက်တာမင် စီနဲ့ carotenoid antioxidants တွေ ပါဝင်ပါတယ်။
ငရုတ်ကောင်း
ငရုတ်ကောင်းမှာ antioxidants တစ်မျိုးဖြစ်တဲ့ ဗိုက်တာမင်စီပါဝင်ပြီး ဗိုက်တာမင်စီက ဆေးလိပ်မီးခိုးငွေ့နဲ့ တခြားမီးခိုးငွေ့တွေကြောင့် အဆုတ်ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။
ပန်းသီး
ပန်းသီးတစ်လုံးနေ့စဥ်စားရင် ဆရာဝန်မလိုတော့ဘူးလို့ အဆိုရှိပါတယ်။ ပန်းသီးကလည်း ဆေးလိပ်သောက်သူတွေမှာ အဆုတ်ပျက်စီးခြင်းနဲ့ နာတာရှည်အဆုတ်လေပြွန်ကျဥ်းခြင်းတွေ မဖြစ်အောက်ကာကွယ်ပေးသလို ပန်းနာရင်ကြပ်နဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ချပေးပါတယ်။ တစ်ပတ်ကို ပန်းသီး ၅ လုံးခန့်စားရင် အဆုတ်အတွက် လုံလောက်ပါတယ်။
ရွှေဖရုံသီး
ရွှေဖရုံသီးမှာ ပါတဲ့ carotenoids တွေက antioxidants လည်းဖြစ်လို့ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေရဲ့ အဆုတ်အတွက်အထူးကောင်းမွန်ပါတယ်။
နနွင်း
နနွင်းကလည်း ရောင်ရမ်းခြင်းတွေ သက်သာစေတဲ့နေရာမှာ နာမည်ကြီးတဲ့ antioxidants ပါ။ နနွင်းမှာပါတဲ့ curcumin ဓာတ်က အဆုတ်ရဲ့လုပ်ငန်းတွေကို ပိုမိုကောင်းမွန်စေပါတယ်။
ခရမ်းချဥ်သီး
ခရမ်းချဥ်သီးမှာ အဓိကပါဝင်တဲ့ lycopene ဟာ carotenoid antioxidants တစ်မျိုးဖြစ်ပြီး ပန်းနာရင်ကြပ်နဲ့ နာတာရှည်အဆုတ်လေပြွန်ကျဥ်းတာ လျော့နည်းစေသလို ဆေးလိပ်ကြောင့်အဆုတ်ထိခိုက်မှုကိုလည်း လျှော့ချပေးပါတယ်။
လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာပါတဲ့ antioxidants တွေက အဆုတ်မှာ fibrosis လို့ခေါ်တဲ့ အမာရွတ်တွေ မဖြစ်အောင် တားဆီးပေးပါတယ်။
ဘယ်ရီသီး
ကျန်းမားရေးအတွက် စားသင့်တဲ့ ဘယ်ရီသီးလေးတွေမှာ ပါတဲ့ anthocyanins ဓာတ်က အဆုတ်အပါအဝင် ခန္ဓာကိုယ်မှာ free radicles တွေများလာလို့ ဖြစ်တဲ့ ထိခိုက်မှုတွေကို ကာကွယ်ပေးပါတယ်။
သံလွင်ဆီ
သံလွင်ဆီမှာပါတဲ့ polyphenols နဲ့ vitamin E ကလည်း antioxidants တွေ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းတွေ သက်သာစေလို့ ပန်းနာရင်ကြပ်အတွက် အထူးကောင်းမွန်ပြီး စားသင့်တဲ့ ဆီပါ။
ခရုဆီ
ခရုဆီမှာ zinc, selenium, vitamins B နဲ့ copper တွေပါဝင်ပြီး အဆုတ်ရဲ့ လုပ်ငန်းတွေကို အထူးကောင်းမွန်စေပါတယ်။
ဒိန်ချဥ်
ဒိန်ချဥ်ဟာလည်း ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရတဲ့ အစားအစာပါ။ calcium, potassium, phosphorus, နဲ့ selenium ပါဝင်ပြီး အဆုတ်ရဲ့ လုပ်ငန်းတွေ ကောင်းမွန်စေသလို အစာအိမ်နဲ့အူလမ်းကြောင်း၊ အသားအရေတွေ အတွက်လည်း အကျိုးပြုပါတယ်။
ဘာလီ
ဘာလီမှာ flavonoids နဲ့ vitamin Eလို antioxidants တွေနဲ့ အမျှင်ဓာတ်တွေ အများကြီးပါလို့ ဆဲလ်တွေပျက်စီးခြင်းမှာ တာဆီးပေးပြီး အဆုတ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ magnesium, iron, copper နဲ့ potassium တွေပါဝင်ပြီး အဆုတ်ရဲ့လုပ်ငန်းတွေအတွက် အကျိုးပြုပါတယ်။
ကော်ဖီ
ကော်ဖီမှာပါတဲ့ caffeine ဓာတ်က သွေးကြောတွေကိုကျယ်စေတဲ့ အာနိသင်ရှိပြီး ပန်းနာရင်ကြပ် အပါအဝင် အဆုတ်လေပြွန်ကျဥ်းတဲ့ ရောဂါတွေကို သက်သာစေပါတယ်။
ကိုကာ
ချောကလက်အပါအဝင် ကိုကာနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ antioxidants တွေက ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အဆုတ်ပြဿနာတွေကို ကာကွယ်ပေးပြီး အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
တစ်သက်လုံးသုံးရမယ့် အဆုတ်ကျန်းမာနေဖို့က အသက်တမျှ အရေးကြီးလှပါတယ်။ ဘဝကို မောကြပ်ပြီး ရှူနာရှိုက်ကုန်းဘဝနဲ့ မကုန်ဆုံးချင်ရင် အထက်ပါအစားအစာတွေ တတ်နိုင်သမျှ များများစားသင့်သလို ဆေးလိပ်သောက်တာလိုမျိုး အဆုတ်ကို ဖျက်စီးမယ့်အလုပ်တွေလည်း မလုပ်ဖို့ လိုပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်